“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Sunday, February 23, 2014

သမ္မတအရည်အချင်း ကန့်သတ်ချက် ၅၉(စ)မပြင်ရေး အကြံပြုစာ တစ်သိန်းကျော်ကြံ့ခိုင်ရေးပါတီတင်သွင်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် အဟန့်အတား ဖြစ်နေသော ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ရန် အကြံပြုစာ တစ်သိန်းကျော်ကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များက တင်သွင်း ထားကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ပြောကြားသည်။
ယနေ့ (ဇန်နဝါရီ ၃၁) ကျင်းပသော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ပြည်ထောင်စု လွှတ်တော်မှ ဖွဲ့စည်းထားသော လေ့လာ သုံးသပ်ရေး ကော်မတီက တင်သွင်းသည့် အစီရင်ခံစာတွင်
ပုဒ်မ ၅၉ (စ) နှင့် ပုဒ်မ ၄၃၆ ပါ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပုဒ်မကို မပြင်ရန်အတွက် အကြံပြုသူ ၁၀၆,၁၀၂ ဦး ရှိကြောင်း တင်ပြမှုနှင့် ပတ်သက်ပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
အစီရင်ခံစာပါ တင်ပြချက်များနှင့် ပတ်သက်၍ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို The Voice က ဆက်သွယ် မေးမြန်းရာတွင် ပြောကြားနိုင်ခြင်း မရှိသေးကြောင်းသာ ပြန်လည် ဖြေကြားသည်။
“ပြည်သူတွေထဲမှာ ပါတီဝင်တွေ အများကြီး ရှိနေတာပဲ။ ကြံ့ခိုင်ရေး ပါတီဝင်လည်း ပြည်သူပဲလေ။ ဒီတော့ အခြေခံဥပဒေကို မထိဘဲနဲ့ အရင်အတိုင်းပဲ ထားချင်တဲ့ လူတွေလည်း ရှိတာပေါ့” ဟု ဦးအောင်သိန်းလင်းက ဆိုသည်။
အဆိုပါ အကြံပြုသူ တစ်သိန်းကျော်ကို ပြည်သူများ ထံမှ ကောက်ခံပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် တစ်ဦးက အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီသို့ တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ပါတီ ဗဟိုကော်မတီဝင် သူရဦးအောင်ကိုက ပြောကြားသည်။
ပုဒ်မ ၅၉ (စ) ၏ မူလပြဋ္ဌာန်းချက်ကို ပြင်ဆင်ရန် အကြံပြု တင်ပြသူမှာ ၅၉၂ ဦးသာ ရှိကြောင်း အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့အပြင် နိုင်ငံတော် အုပ်ချုပ်ရေးတွင် တပ်မတော် ပါဝင်မှုဖြစ်သော ပုဒ်မ ၃၃၇၊ ပုဒ်မ ၃၃၈ နှင့် ယခင်အစိုးရ လုပ်ဆောင်ချက် များကို တရားစွဲဆိုနိုင်ခြင်း မရှိသော ပုဒ်မ ၄၄၅ တို့ကိုလည်း မပြင်ရန်အတွက် အဆိုပါ လူတစ်သိန်းကျော်က အကြံပြုလက်မှတ် ရေးထိုးထားကြောင်း အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီက တင်ပြထားခြင်း ဖြစ်သည်။
အခြေခံဥပဒေနှင့် ပတ်သက်ပြီး အကြံပြုချက် များကို ပြည်သူများက လွတ်လပ်စွာ ရေးသားပေးပို့ နိုင်သော်လည်း အကြံပြုစာ တစ်သိန်းကျော်ကို သတ်မှတ်ချက် တစ်ခုတည်း ရအောင် လုပ်ယူခြင်းသည် ပွင့်လင်းမြင်သာမှု မရှိကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြောကြားသည်။
“အရေးကြီးတဲ့ ပုဒ်မကြီးတွေမှာ ဒီလူတစ်သိန်းကျော်က တစ်သံတည်း ထွက်ပြီးတော့ မပြင်ချင်ဘူးလို့ ပြောရအောင် နောက်က အင်အားကြီးတဲ့ ပါတီကြီးတစ်ခု မရှိဘဲနဲ့ မဖြစ်ပါဘူး” ဟု ၎င်းကသုံးသပ် ပြောကြားသည်။
အဆိုပါ အကြံပြုချက်များသည် ရန်ကုန်တိုင်းဒေသကြီး အတွင်းက မြို့နယ်ပေါင်း ၁၈ မြို့နယ်မှ ကောက်ခံ ပေးပို့လာခြင်း ဖြစ်သော်လည်း အကျိုးအကြောင်း ဖော်ပြချက် မရှိသောကြောင့် ထည့်သွင်း စဉ်းစားရန် မလိုအပ်ကြောင်း လေ့လာ သုံးသပ်ရေး ကော်မတီ ဝင် ဒေါက်တာ မြတ်ဉာဏစိုးက မှတ်ချက်ပြုသည်။
“ဒီအကြံပြုချက် တစ်သိန်းကျော် ဆိုတာကို လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီကနေ ပြီးတော့ မှတ်ချက်အနေနဲ့ပဲ ဖော်ပြ ပေးထားတာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ ကော်မတီ၏ အစီရင်ခံစာပါ ဖော်ပြချက်သည် ပြည်ထောင်စု လွှတ်တော်၏ ဆက်လက် လုပ်ဆောင်မည့် ကြေညာချက်ကို စောင့်ကြည့် သွားရမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment