“ကျွန်တော်၏ ဘလော့အားလာလည်ကြသူမိတ်ဆွေအပေါင်း ပျော်ရွှင်ကျပါစေ”ကနောင်သား“ ငွေဇင်ရော်” မောင်မျိုးဇော် ngwayzinyaw2@gmail.com စိတ်၏ချမ်းသားခြင်းကိုယ်၏ကျန်းမားခြင်းများပြည်စုံကြပါစေ

Saturday, March 8, 2014

“အိမ်ထဲမှာ မြွေ ၀င်နေတယ်” (ကိုညို- အော်စလို) ယနေ့ထုတ် တူမောရိုး သတင်းဂျာနယ်မှ..

Photo: “အိမ်ထဲမှာ မြွေ ၀င်နေတယ်” (ကိုညို- အော်စလို) 
ယနေ့ထုတ် တူမောရိုး သတင်းဂျာနယ်မှ..
February 25, 2014 at 10:07am
 
ဒီနေ့ ၂၅ ဖေဖ၀ါရီလမှာ အသစ်ထွက်လာတဲ့ အတွဲ(၁) အမှတ်(၁) တူမောရိုး သတင်းဂျာနယ်ပါဆောင်းပါးလေးပါ..။
 
အယုဒ္ဒ္ဒယ၊ ဘုံဘေနဲ့ ဂေါ်ဒရာ အဓိကရုဏ်းသင်ခန်းစာ
 
အချိန်-၁၉၉၂၊ ဒီဇင်ဘာလ ၆ရက် ညနေ။
နေရာ-အိန္ဒိယနိုင်ငံ၊ အူတာပရာဒါခ်ျပြည်နယ်၊ ဖိုင်ဇာဘတ်မြို့နယ်၊ အယုဒ္ဒယမြို့ ။

         ထောင်နဲ့ချီတဲ့လူထုကြီးဟာ မွတ်စလင်ဆန့်ကျင်ရေး
ကြွေးကြော်သံတွေ ဟစ်အော်ပြီးအေဒီ-၁၆ရာစု(၁၅၂၈ ခုနှစ်) မဂိုအင်ပါယာခေတ်ကတည်းက ခိုင်ခိုင်ခန့်ခန့်တည်ဆောက်ထားတဲ့ ဘာဘရီဗလီကျောင်းတော်ရာဝင်းကြီးကို ၀န်းရံထားတယ်။ တုတ်၊ ဓါးနဲ့ ပေါက်ချွန်း၊ ပုဆိန်၊ ရဲဒင်းကိုယ်စီကိုင်ထားတဲ့ဟိန္ဒူအစွန်းရောက် အဖွဲ့တွေက ဗလီကြီးနဲ့ အုတ်နံရံတွေကို စိတ်ရှိလက်ရှိထုထောင်း
ဖြိုဖျက်နေကြတယ်။အယုဒ္ဒယမှာနေထိုင်တဲ့ မွတ်စလင်တွေကလည်း ရရာလက်နက်ကိုင်ဆွဲပြီး ဟိန္ဒူ အစွန်းရောက်တွေကိုတန်ပြန်တိုက်ခိုက် ပါတယ်။ တရံတခါတုန်းက ရာမမင်းဆက်အုပ်စိုးခဲ့ရာ အယုဒ္ဒယမြို့  ရာမရဏ တိုင်းဌာနီမှာ အမုန်းတရားတွေနဲ့ ဘာသာရေးပဋိပက္ခ မီးကြီးအရှိန်တညီးညီးနဲ့တောက်လောင်နေပါတယ်။ 

ဟိန္ဒူမျိုးနွယ်တွေအထွတ်အမြတ်ထားရာ ရာမရဏ ဘုမ္မိ (Ram Janmabhoomi ) ဟိန္ဒူ ဘုရားကျောင်းအဆောက်အဦးနေရာကို မဂိုအင်ပါယာခေတ် နှစ်ပေါင်း၅၀၀ နီးပါး မွတ်စလင်တွေက အပိုင်စီး ခဲ့တာကို သူပိုင်ကိုယ်ပိုင်အငြင်းပွားရာက ဖြစ်ပေါ်လာတဲ့ အယုဓ္ဒယ အရေးတော်ပုံမှာ လူပေါင်း ၂၀၀၀ကျော် သေဆုံးပြီး ရာနဲ့ချီဒဏ်ရာ အနာတရတွေနဲ့ အဆုံးသပ်ခဲ့ရတယ်။

         အယုဒ္ဒယအရေးအခင်းကြီးဟာ အိန္ဒိယနိုင်ငံရဲ့စီးပွားအချက်အချာ ကျရာ ဘုံဘေမြို့(မွန်ဘိုင်းမြို့)ကို ကူးဆက်ခဲ့သလို နှစ်သစ်ကူးလ ၁၉၉၃ ဇန်န၀ါရီအထိ တုတ်တပျက်၊ဓါးတပျက် ဘာသာရေးပဋိပက္ခမီးကြောင့်
 လူပေါင်း ၉၀၀ ၀န်းကျင်သေဆုံးခဲ့ပါတယ်။

         အာဏာရ ကွန်ဂရက်ပါတီကလည်း အဓိကရုဏ်းကြီးကိုအချိန်မှီ မထိမ်းသိမ်းနိုင်ခဲ့ပါဘူး။အတိုက်အခံ လက်ယာစွန်း ဟိန္ဒူ နိုင်ငံရေးပါတီကြီးဖြစ်တဲ့ BJP ( Bharatiya JanataParty) ကြီးကလည်း RSS (Rashtriya Swayamsevak Sangh)လို့ခေါ်တဲ့ ဟိန္ဒူအမျိုးသား အစွန်းရောက်ဝါဒီတွေအသုံးချပြီးနိုင်ငံရေးအာဏာလုဘို့ နောက်ကွယ်က အားပေးစီမံခဲ့တယ်လို့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။

          အဆိုပါ ဘာသာရေးအကျိတ်အခဲဟာ နောင် ၁၀နှစ်အကြာ (၂၀၀၂ဖေဖ၀ါရီ ၂၃)မှာ အိန္ဒိယ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ် က ဂေါ်ဒရာဆိုတဲ့မီးရထားလမ်းဘေးမြို့ငယ်လေးမှာထပ်မံပေါက်ကွဲပြန်တယ်။  အယုဓ္ဒယ မြို့ကနေ ဘုရားဖူးရင်းပြန်လာတဲ့ဟိန္ဒူခရီးသွားတွေ မွတ်စလင် အများစုနေထိုင်ရာ ဂေါ်ဒရာဘူတာအရောက် သူတို့စီးနင်းလိုက်ပါတဲ့ မီးရထားပေါ် ဈေးတက်ရောင်းတဲ့ လူငယ်တဦးကို နောက်ပြောင်ရာက အစပြုပြီး ပဋိပက္ခဖြစ်ခဲ့တာပါ။ဂေါ်ဒရာနယ်သားတွေက ဟိန္ဒူတွေစီးလာတဲ့ မီးရထားတတွဲလုံးကို မီးရှို့လိုက်လို့ လူ၁၀၀ကျော်မီးလောင်သေဆုံး သွားပါတယ်။ 

ကံမကောင်းအကြောင်းမလှစွာပဲကျနော်တို့ အိမ်နီးချင်းနိုင်ငံလို ရုပ်ဆိုးလွန်းတဲ့ဖြစ်ရပ်တခု မနှစ်က မတ်လအတွင်းမြန်မာပြည်အလယ်ပိုင်း စီးပွားအချက်အခြာကျရာ မိထ္ထီလာမြို့မှာမမျော်လင့်ပဲ ဖြစ်ခဲ့တယ်။ဒါ့အပြင် ပဲခူးတိုင်းနဲ့လားရှိုးအထိပျံ့နှံ့ခဲ့လို့  ငြိမ်းချမ်းရေးကိုလိုလားပြီး လူမျိုးခြား ဘာသာခြားတွေနဲ့နှစ်ပေါင်းများစွာ ပဋိပက္ခမရှိ အတူယှဉ်တွဲနေထိုင် ခဲ့တဲ့ မြန်မာပြည်သူတွေ စိတ်နှလုံးမသက်မသာခံစားကြရပါတယ်။
 
           နိုင်ငံရေးခြွတ်ခြုံကျမှု
 
အစိုးရတရပ်ရပ်ဖြစ်စေ၊နိုင်ငံရေးပါတီတခုခုကဖြစ်စေ  မိမိတို့ဦးဆောင်တဲ့ နိုင်ငံရေးကို အများပြည်သူက လက်မခံ၊ မယုံကြည်၊မလိုက်ပါလို့ နိုင်ငံရေး ခြွတ်ခြုံကျတဲ့အခါ၊ အောက်လမ်းနည်း၊လူပိန်းကြိုက် လူမျိုးရေး နိုင်ငံရေးပဋိပက္ခတွေ ဖန်တီးတတ်ပါတယ်။ ဒီကနေ့မြန်မာပြည်ကဘာသာရေး၊ လူမျိုးရေး အပေါ် အခြေခံတဲ့ ပဋိပက္ခတွေဟာ ယခင်စစ်အစိုးရ စီမံကိန်းညံ့ဖျင်းမှု အကျိုးဆက်သာ
ဖြစ်တယ်။ရခိုင်ပြည်နယ်ထဲ တဖက်နိုင်ငံက တရားမ၀င်ခိုးဝင်လာမှုတွေကို အဂတိလိုက်စား မထိမ်းချုပ်တွေကအစပြုပြီးပေါ်လာတာပါ။ လက်ရှိအာဏာရအစိုးရရဲ့ ရှင်းလင်းပြတ်သားမှုမရှိတဲ့ မူဝါဒနဲ့ ညံ့ဖျင်းတဲ့ ကိုင်တွယ်စီမံမှု၊ဌာနေရခိုင်အမျိုးသားတွေရဲ့ အစွန်းရောက် အမျိုးသားစိတ်ဓာတ် နဲ့ ရိုဟင်ဂျာအမည်ခံ မွတ်စလင်တွေရဲ့ပုံကြီးချဲ့မှုတွေ ဟာ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကိုညှိုးငယ်စေခဲ့တယ်။ ဗုဒသာသနာအပေါ် အထင်အမြင်လွှဲမှာမှုတွေဖြစ်စေတယ်၊ငြိမ်းချမ်းရေးကို ချစ်တဲ့ပြည်သူ တရပ်လုံးကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တယ်။ 

တဖက်ကလည်း ယခင်အာဏာရှင်စရိုက်လက္ခဏာပါ။ အစိုးရလူဟောင်းတွေ၊ စနစ်အပြောင်းအလဲကို မလိုလားသူ၊ မိမိတို့ရှိမြဲ စည်းစိမ်၊ သြဇာအာဏာမပျက် ပိုနေမြဲ ကျားနေမြဲနေလိုသူတွေရဲ့
နောက်ကွယ်က အားပေးမြှောက်ပင့်မှု တွေလို့ ပြည်သူအများက ယုံကြည်နေပါတယ်။ သမတဦးသိန်းစိန်ရဲ့သက်တမ်း၃နှစ်အတွင်း မပြောင်းမလဲ၊ ပိုမိုဆိုးရွားစေတဲ့ စီးပွားရေး၊ လူမှုရေးနဲ့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေအပေါ် နေရာမပေး၊ လမ်းမဖွင့်လိုတဲ့ အကြောင်း ဓာတ်ခံတွေက မြန်မာ့နိုင်ငံရေးဖြစ်စဉ်တိုးတက်မှုတွေကိုပိတ်ဆို့လာပါတယ်။ အသစ်ပြောင်းပြီး၊ ခေတ်ကောင်းတော့မယ်ဆိုတဲ့ပြည်သူတွေရဲ့ မျော်လင့်ချက်ကိုလူဟောင်း၊ စိတ်ဓာတ်ဟောင်း၊ အတွေးအခေါ်ဟောင်းတွေက ဟန့်တားနေပါတယ်။ နောက်တော့ ၂၀၁၁-၁၂နဲ့ ၂၀၁၃ တလျှောက်လုံး အစိုးရအပေါ် မျော်လင့်ချက် နဲ့ အားပေးခဲ့တဲ့ ပြည်သူတွေ ခြေကုန် လက်ပမ်းကျပြီးအယုံအကြည်ပျက်လာပါတယ်။ ပြည်သူအများစုထောက်ခံမှုမရတဲ့အထိ   နိုင်ငံရေးဟာ ခြွတ်ခြုံကျလာပါတယ်။ များမကြာမီဲ အစွန်းရောက် အမျိုးသားရေး၊ ဘာသာရေး၊ လူမျိုးရေးမီး အရှိန်တောက် လာ ပါတော့တယ်။

အစွန်းရောက် အမျိုးသားရေးသမားတွေ
 
တိုင်းပြည်ရဲ့ နိုင်ငံရေးခြွတ်ခြုံကျပြီဆိုရင် အစွန်းရောက်အမျိုးသားရေးနဲ့ အစွန်းရောက်ဘာသာရေး လူမျိုးရေး တွေ ခေါင်းထောင်လာပါတယ်။ ၁၉၈၈အရေးတော်ပုံမတိုင်မီ  ဦးနေ၀င်းဦးဆောင်တဲ့ မဆလပါတီကို လူထုကမယုံကြည်တော့တဲ့အခါ ပြည်၊ ရွှေတောင်၊ ပဲခူး၊ တောင်ကြီး နယ်တွေမှာဗုဒဘာသာနဲ့မွတ်စလင်အဓိကရုဏ်းတွေပေါ်လာတဲ့ သာဓကတွေရှိခဲ့တယ်။ အမျိုးသားရေး၊ ဘာသာရေး၊လူမျိုးရေးဆိုတာ ထိလွယ် ရှလွယ်ပြီး အခြေခံလူတန်းစားတွေကိုလွယ်ကူစွာ စည်းရုံးနိုင်တာမို့မသိလိုက် မသိဖာသာနဲ့ အမှားကျူးလွန်တတ်တယ်။ အင်္ဂလိပ်စာရေးဆရာကြီး ဂျော့ခ်ျအိုဝဲလ်က အမျိုးသားရေး အစွန်းရောက်ဝါဒဟာငြိမ်းချမ်းရေးရဲ့ ရန်သူဖြစ်တယ်လို့ပြောခဲ့သလို မိမိလူမျိုး၊ မိမိဘာသာတခုတည်းကွက်ကြည့်တဲ့အခါဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ မင်းမဲ့စရိုက်၊ အကြမ်းဖက်စိတ်ဓာတ်တွေပေါ်ထွန်းလာပါတယ်။ အစွန်းရောက်အမျိုးသားစိတ်နဲ့မျိုးချစ်စိတ်ဓာတ် တို့ဟာ ခြားနားကွဲပြား ပါတယ်။ ဟစ်တလာဟာ ဂျာမန်လူမျိုးအများစုရဲ့ နွမ်းပါးမှုကိုမြင်တဲ့အခါ ဂျူးလူမျိုးတွေရဲ့ကြွယ်ဝမှုကို မရှုစိမ့်ဖြစ်လာပါတယ်။ ဂုဏ်သိက္ခာရှိပြီး တရားမျှတတဲ့နည်းလမ်းတွေနဲ့ မစည်းရုံးပဲ ဂျာမဏီသွေး သန့်စင်ရေး ဆိုတဲ့အတွေးအခေါ်ကိုသွပ်သွင်းပြီးဂျူးသန်းပေါင်းများစွာကို သုတ်သင်ခဲ့လို့ ဒီကနေ့ဂျာမန်မျိုးဆက်တွေအထိ မိမိတို့ သမိုင်းရဲ့ခါးသီးမှုအပေါ်ဖြေသိမ့်တဲ့ လှုပ်ရှားမှုတွေ လုပ်နေရပါတယ်။ 

အစွန်းထွက်အမျိုးသားရေးစိတ်ဓာတ်ဟာ မိမိလူမျိုးမှမိမိ၊ မိမိတိုင်းပြည်မှ မိမိဆိုတဲ့ တခြားလူမျိုးနဲ့ တိုင်းပြည်အပေါ်အထင်အမြင်သေးတဲ့ ကျွဲခြေရာခွက်ထဲက ဖားငယ်အတွေးမျိုးနဲ့တူပါတယ်။ တန်ပြန်အကျိုးရလဒ်က ကမ္ဘာကြီးရဲ့ အထင်အမြင်သေးမှု၊နှိမ့်ချတဲ့ ဆက်ဆံမှုကိုရင်ဆိုင်ရတာပါ။ တကယ့်တိုင်းချစ်ပြည်ချစ်၊ မျိုးချစ် စိတ်ဓာတ်(Patriotism) ဆိုတာ မိမိရဲ့ ကောင်းသောစိတ်စေတနာနဲ့ ချစ်ခြင်းမေတ္တာအပေါ်အခြေခံပြီး မိမိတိုင်းပြည်နဲ့ပြည်သူတွေအားလုံးကို မျှမျှတတကြီးပွားစေလိုစိတ်၊ တခြားတိုင်းပြည်တွေလို ကြီးပွားတိုးတက် လိုစိတ်၊ရွက်ဆောင်လိုစိတ်သာဖြစ်တယ်။ မျက်ကန်းမျိုးချစ်စိတ်လိုမဟုတ်ဘဲ အယုတ် အလတ် အမြတ်မရွေး လူမျိုးတိုင်း ဘာသာတိုင်း နိုင်ငံသားတိုင်း အပေါ် ခွဲခြားမှုမရှိ၊ တန်ဘိုးထား
 လေးစားပြီး၊မျှမျှတတ စိတ်ထားတတ်မှုအပေါ် အခြေခံတဲ့စိတ် သာဖြစ်တယ်။တနည်းပြောရရင် အစွန်းရောက် အမျိုးသားရေးစိတ်ဓာတ်က တက်ကြွတဲ့မာန်မာနမင်းမူပြီး အသာစီးရမှု ကိုဦးတည်ပါတယ်။ မျိုးချစ်စိတ်ဓာတ်ကတော့ တရားမျှတမှုနဲ့တန်းတူရည်တူစိတ်ဓာတ်အပေါ် အခြေခံတဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့စိတ်ဖြစ်တယ်။

ခွဲခြားဆက်ဆံမှုနဲ့ အစွန်းရောက်ဘာသာရေး
 
ဗုဒ္ဓဟာ သူ့ခေတ်က အရှိန်ကြီးတဲ့ ဇာတ်ခွဲခြားမှုစနစ်နဲ့ အစွန်းရောက် ၀ါဒကိုဖယ်ရှားခဲ့သူဖြစ်တယ်။ မင်းမျိုးမင်းနွယ် သာကီဝင်ဇာတ်မြင့် ဘ၀ကနေ မျိုးနွယ်စွဲ၊ ဘာသာစွဲ၊ လူသားချင်းအတူတူ အယုတ်အလတ် အမြတ်မခွဲဘဲ လောကသံသရာဝဋ်ဆင်းရဲမှုရဲ့ လွတ်မြောက်ရာလမ်း ကို ဟောဆောင် လမ်းညွှန်ခဲ့တယ်။ဒါပေမယ့် ဒီကနေ့ ထေရ၀ါဒ ဗုဒဘာသာဝင်ပါလို့ အမည်ခံနေတဲ့ ရဟန်းပုဂိုလ်၊ လူပုဂိုလ်အချို့ဟာ အယူလွဲတွေဝင်ပြီး ခွဲခြားဆက်ဆံမှုတွေပြုနေတယ်။ ဘုရားဟော တရားတော်အတိုင်းမကျင့်ဘဲ လူအချင်းချင်းမုန်းမာန်ပွားမှုတွေ၊ ခွဲခြားဆက်ဆံမှုတွေ၊ မောက်မာခက်ထန်မှုတွေ ပြုနေကြတာဟာ မြန်မာပြည်ဗုဒသာသနာအတွက် သာမက တခြားတိုင်းပြည်နဲ့ဘာသာခြားတွေ ကြားမှာပါ ဂုဏ်ကျက်သရေသေးနှုတ်စေပြီး ရှက်ဖွယ်ဖြစ်စေပါတယ်။ ဘယ်ဘာသာမှ လူအချင်းချင်းခွဲခြားဆက်ဆံဘို့၊ နှိပ်စက်အနိုင်ကျင့်ဘို့ မညွှန်ပြခဲ့ဘူး။ သိက္ခာသမာဓိနဲ့အညီ ကျင့်ကြံနေထိုင်တဲ့ရဟန်းအများစု ကတော့ နောက်ကွယ်က မြှောက်ထိုးပင့်ကော်ပေးမှုတွေလို့ မြင်ကြတယ်။ အတိုက်အခံဒီမိုကရေစီအဖွဲ့အစည်းတွေခေါင်းဆောင်တွေကပဲ အမျိုးသားရေးအမြင်မရှိဘဲ လူ့အခွင့်အရေးအကြောင်းပြပြီး ဘာသာခြားတွေကိုအခွင့်အရေးပေးနေသယောင် ၀ါဒဖြန့်နေပါတယ်။ ယခင်စစ်အစိုးရစိတ်ကြိုက် အကျိုးစီးပွားကို ပုံဖော်ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုပြည်သူအများက မလိုလားတာကို အကြောင်းပြုပြီး အစွန်းရောက် အမျိုးသားရေးစိတ်နဲ့ ဘာသာရေးမှိုင်းတိုက်လာပါတယ်။

တကယ်တော့ အာဏာရှင်အစိုးရခေတ်တွေကရော၊ အရပ်သား ယူနီဖောင်းချွတ်လက်ရှိအစိုးရဟာထူးထူးခြားခြားဘာမှမကွာသလိုစစ်တပ်ကို ကျောရိုးပြုထားတဲ့ အစိုးရအဖွဲ့ဖြစ်ပါတယ်။ မြန်မာပြည်မှာ အားကောင်းမောင်းသန်ဖြစ်ပြီး၊စနစ်တကျ အဆင့်ဆင့်အမိန့်သြဇာနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့အစည်း ဆိုလို့ စစ်တပ်နဲ့ သံဃာ့ အဖွဲ့အစည်းပဲရှိပါတယ်။ ၁၉၈၈နဲ့ ၂၀၀၇ ကာလတွေက သံဃာတော်နဲ့
 ပြည်သူတွေရဲ့အားကို အာဏာရအစိုးရက စိုးရိမ်မှုရှိပါတယ်။ ဦးနေ၀င်းလက်ထက်ကတည်းက နိုင်ငံရေးအရ သံဃာ့အဖွဲ့အစည်းကို ကြိုးကိုင်နိုင်အောင် ဆရာတော်ကြီးတချို့ကိုအသုံးချပြီး သံဃာထုတရပ်လုံးရဲ့ ဆန္ဒမပါတဲ့ သံဃာ့မဟာနာယက အဖွဲ့ကို ဖွဲ့စည်းပြီး ထိမ်းချုပ်ခဲ့ပါတယ်။သံဃာ့မဟာနာယက အဖွဲ့ကို အသုံးခဲ့ရာမှာ.. ဗိုလ်ချုပ်မှုးကြီးစောမောင်ခေတ်ကလည်း မန္တလေးသံဃာတော်ထုရဲ့ ကံဆောင်သပိတ်ကိုတုန်လှုတ်ပြီး ဓမ္မစက်ကို အာဏာစက်နဲ့ဖြိုခွင်းမယ်လို့ အမိန့်ထုတ်ပြီးသံဃာ့ဥသျှောင်တွေကို ဖမ်းဆီးလူဝတ်လဲ အကျဉ်းချခဲ့ပါတယ်။ 

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကိုလည်းဗိုလ်ချုပ်မှုးကြီးသန်းရွှေအစိုးရကတုန်လှုတ်ခဲ့ပြီး နိုင်ငံတကာ ပြည်သူတွေ မေတ္တာရပ် တားမြစ်တဲ့ကြားက ရက်ရက်စက်စက်ဖြိုခွဲခဲ့ပါတယ်။ ရဟန်းအများကို လူဝတ်လဲ၊ ထောင်ချ၊ တချို့ ရဲဘက်အကျဉ်းစခန်းပို့ခဲ့သလိုရဟန်းအများအပြား ပြည်ပ တိုင်းနိုင်ငံအသီးသီး ထွက်ခွါခဲ့ရပါတယ်။ 

 မြန်မာနိုင်ငံမှာဗုဒ္ဒသာသနာကို ပုဂံခေတ် ၁၁ရာစု ကတည်းက ရောက်လာ ခဲ့ပေမယ့် ပဒေသရာဇ်ခေတ် ပုဂံ၊ ပင်းယ၊ အင်းဝ၊ကုန်းဘောင်ခေတ် အဆက်ဆက်နဲ့ လွတ်လပ်ရေးရပြီးကာလမှာပါ တောင်ပေါ်မြေပြန့်မကျန် သာသနာပြုမကျယ်ကျယ်ပြန့်ပြန့်မလုပ်ခဲ့ပါ။ အနှစ်၅၀ကျော်  အာဏာရှင်ခေတ်တလျှောက်လုံးမှာလည်းဗုဒသာသနာကျယ်ပြန့်စေဘို့ စာတတ်ပေတတ်ရဟန်းတွေနဲ့ ပြည်ပသာသနာပြုမှု တွေ အောင်မြင်အောင်မလုပ်နိုင်ခဲ့ပါ။အိန္ဒိယနိုင်ငံဗုဒဂါယာအပါအ၀င်သံဝေဇနိယ ငါးဌာန မှာလည်း ထေရ၀ါဒသာသနာကျယ်ပြန့်ဖို့ အားပေးဆောင်ရွက်နိုင်မှု လည်းမရှိခဲ့ပါ။ ထေရ၀ါဒ ဗုဒဘာသာတွေလို့ ပြည်တွင်းထဲသာဝင့်ကြွားနေပြီး
 မြန်မာအစိုးရအဆက်ဆက်ဟာတိဘက်လူမျိုးတွေနဲ့ ဘုန်းတော်ကြီး ဒလိုင်လားမားတို့ရဲ့ မဟာယာန ဗုဒသာသနာထက် ကျော်လွန်တဲ့ သာသနာပြန့်ပွားမှုကို ထိရောက်အောင်မစွမ်းဆောင်ခဲ့ပါဘူး။ စစ်မှန်တဲ့ ဗုဒသာသနာပြန့်ပွားမှု၊သာသနာပြုမှုထက် သာသနာအပေါ် မှီပြီး နိုင်ငံရေးအမြတ်ထုတ်မှုသာ လုပ်ခဲ့တာကို အာရှနိုင်ငံတွေကထေရ၀ါဒ ဗုဒ္ဒဘာသာနိုင်ငံတွေနဲ့ နိုင်းယှဉ်ကြည့်ရင် သိသာပါတယ်။

စိုးရိမ်စရာတခုက ဒီကနေ့ အသွင်ကူးပြောင်းစ နိုင်ငံရေးအခြေအနေကို အကြောင်းပြုပြီး မွတ်စလင်တွေ ဟောပြောပွဲစင်တွေပေါ်မတက်ရ၊ မွတ်စလင်စားသောက်ဆိုင်မစားသောက်ရ၊မွတ်စလင်စီးပွားရေး အားမပေးကြနဲ့လို့ လှို့ဆော်နေရာကနေ နောက်တချိန် ခရစ်ယာန် ဘာသာဝင်တွေအပေါ်ရောဒီလိုလုပ်ရပ်မျိုးတွေမလုပ်နိုင်ဘူးလို့ တပ်အပ်သေချာပြောနိုင်ပါ့မလား။ အမှန်တော့ ဒီကနေ့တိုင်းပြည်မှာ
ဖြစ်နေတဲ့ လူမျိုးရေး၊ ဘာသာရေးခွဲခြားဆက်ဆံမှုတွေဟာ တိုင်းရင်းသား လူမျိုးနွယ်စုတွေနဲ့ သူတို့ကိုးကွယ်ယုံကြည်မှုတွေကိုပါခြိမ်းခြောက်နေတယ် ဆိုတာလည်း သတိမှုသင့်ပါတယ်။
 
ဘုရားမသိ၊ သီလမရှိက အကြံအစည်အထမမြောက်
 
သီလသမာဓိရှိသူတွေဟာဘုန်းတန်ခိုးသြဇာရှိပြီး အများရဲ့ချစ်ခင်
လေးစားမှုကိုခံရတတ်ပါတယ်။ သူတို့လက်နဲ့ထိတို့ဆုတောင်းမေတ္တာပို့ရုံနဲ့ရောဂါဝေဒနာသက်သာပျောက်ကင်းကြတာကိုလည်း ကိုယ်တိုင်တွေ့ကြုံမြင်ဖူးပါတယ်။ ကျနော်တို့နိုင်ငံမှာလူတိုင်း ကျင့်ဝတ်တရားအဖြစ်လက်ကိုင်ထားရမဲ့ ၅ပါးသီလလို အခြေခံတရားကိုတောင် ဘုန်းကြီးကျောင်းသွားပြီးမှသီလယူ ဥပုဒ်စောင့်ရတဲ့ဘ၀ရောက်နေပါတယ်။ အနောက်နိုင်ငံတွေနဲ့ ဥရောပတိုက်မှာ ငါးပါးသီလကိုခလေးဘ၀ နေ့ကလေးထိမ်းကျောင်း ကတည်းက ဆုံးမပြီး စောင့်ထိမ်းရမဲ့ ဥပဒေသအဖြစ်ပြဌာန်းထားတာ
ဖြစ်ပါတယ်။နော်ဝေးနိုင်ငံက ခလေးတွေဟာ မလိမ်မညာတတ်ဘဲ ၀န်ခံတတ်ပါတယ်။ လူငယ်တွေဟာ ဘုရားကျောင်းမတက်ပေမယ့်တရားရှိ၊ တရားသိကြပါတယ်။ အုပ်ချုပ်သူတွေဟာ ကိုယ်ကျင့်သီလလုံကြတယ်။ အခြေခံကျင့်ဝတ်ဖြစ်တဲ့သီလ ငါးပါးကို ဖောက်ဖျက်တာမျိုးကြားရခဲပါတယ်။

 မြန်မာ ပဒေသရာဇ်ခေတ် ရှင်ဘုရင်တွေ လည်း အနိမ့်ဆုံးအဆင့် ၅ပါးသီလကနေ ၉ပါးသီလအထိစောင့်ထိမ်းတတ်ကြောင်းလည်း မှတ်သားဖူးပါတယ်။ သီလ၊သမာဓိရှိသူစစ်သူကြီးတွေမှ ရန်သူကို
 အောင်နိုင်သလို၊ ဗြဟ္မာ၊နတ်ဒေ၀ါ သူတော်ကောင်းတွေ ကောင်းချည်းပေး၊ ကာကွယ်စောင့်ရှောက်တယ်လို့ အယူအစွဲရှိတာကြောင့် သီလ သမာဓိရှိသူဗိုလ်မင်းတွေရဲ့ နောက်တော်သာရဲမက်၊နောက်လိုက် ဗိုလ်ပါတွေက လိုက်တတ်ကြောင်းမှတ်သားဖူးပါတယ်။ 

ဒီကနေ့ တိုင်းပြည်ကို အုပ်ချုပ်နေသူတွေသာမက ဒီမိုကရေစီအရေး ကျိုးပမ်း ရွက်ဆောင်နေတဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ နောက်လိုက်နောက်ပါတွေကရော ဘယ်လောက်များ
 ကိုယ်ကျင့် သိက္ခာတွေ တည်ကြည်ပြီးသီလလုံကြပါသလဲ ဆိုတာ ဆန်းစစ်ကြည့်ဖို့လိုပါတယ်။ သီလမမြဲသူတွေရဲ့ အုပ်ချုပ်မှု၊ ဥပဒေပြုမှု ၊ငြိမ်းချမ်းရေးတည်ဆောက်မှု၊ လူ့အခွင့်အရေးပညာပေးမှုတွေက ဘယ်လောက်များတိုးတက်အောင်မြင်နိုင်မလဲဆိုတာ စဉ်းစားစရာတွေပါ။ တိုက်ခိုက်အနိုင်ယူ၊ ခိုးဝှက် မတရားစီးပွားရှာ သူတွေရဲ့ အုပ်ချုပ်မှုဟာ တည်ငြိမ်ပြီး အောင်မြင်နိုင်ပါ့မလား၊ သေရည်သေရက်ကို နှစ်သက်ပြီး သူများသားမယားပြစ်မှားသူတွေကငြိမ်းချမ်းရေးဖော်ဆောင်တဲ့အလုပ်ကိုထိရောက်အောင်လုပ်နိုင်မလား ဆိုတာပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။ 

ဒီကနေ့မြန်မာ့နိုင်ငံရေး လောကမှာ စိတ်စေတနာသန့်သန့်နဲ့ အနစ်နာခံ လုပ်နေသူတွေရှိသလိုကိုယ်ထက်သာမနာလိုမှု၊ နေရာမပေးလိုမှု၊ မိမိနေရာမြဲရေး၊ ရာထူးရရေး၊ ဥစ္စာစုဆောင်းရေး၊ လူသိရှင်ကြားနဲ့ နာမည်ကြီးပြီး သြဇာရှိရေး စတဲ့အရာရာအကြောင်းကြောင်းနဲ့ လောဘ၊
 မောဟ၊ အတ္တတွေ ရှိနေရင်မိမိကိုယ်တိုင်မငြိမ်းချမ်းရုံမက မိမိအကြံအစည် လည်း အထမြောက်မှာ မဟုတ်ပါ။ သမာဓိပျက်ပြီးသြဇာမရှိလို့ ရေရှည်မှာ အောင်မြင်မှုရှိအောင်ထိမ်းနိုင်ဖို့လည်းမလွယ်ကူပါ။ ပြီးတော့တိုင်းပြည်ရဲ့ မြေပေါ်မြေအောက်သယံဇာတတွေ ဘယ်လောက်ပဲကြွယ်ဝနေပါစေ မင်းကျင့်တရားနဲ့မညီတဲ့အစိုးရ၊ သီလသမာဓိ မရှိတဲ့ ခေါင်းဆောင်တွေလက်ထက်မှာ ပြည်သူတွေ အပြည့်အ၀ခံစားရမှာမဟုတ်ပါဘူး။ဒီနေ့တိုင်းပြည်ရဲ့ အထွေထွေအကြပ်အတည်းအားလုံးဟာ သီလသမာဓိပျက်ယွင်းပြီး၊ ကိုယ်ချင်းစာ၊ညှာတာမှုတရား၊ ချစ်ခြင်းမေတ္တာနဲ့ ဗြဟ္မစိုရ်တရား ကင်းဝေးနေမှုကလည်း အခြေခံနေတာကို သတိပြုမိစေလိုပါတယ်။ 

အိန္ဒိယနိုင်ငံအမျိုးသားခေါင်းဆောင်ကြီးမဟတ္တမ ဂန္ဒီကြီးက.. “မိမိကိုယ်တိုင်သီလသမာဓိဆောက်တည်ပြီး မေတ္တာတရားရဲ့ငြိမ်းအေးမှုကိုခံစားသိရှိနိုင်မှ ကောင်းမွန်တိုးတက်တဲ့ လူ့အဖွဲ့အစည်းနဲ့ ငြိမ်းချမ်းမှုကို တည်ဆောက်နိုင်မှာဖြစ်တယ်” လို့မိန့်မှာခဲ့ဖူးပါတယ်။

          အကြောက်တရားနဲ့ သံသယ
 
အနှစ်၅၀ကျော်အာဏာရှင်စနစ်ထဲက မြန်မာပြည်သူတွေ ရလိုက်တဲ့ အမွေတခုကတော့ သံသယနဲ့ အကြောက်တရားပဲဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုမရှိတဲ့ စနစ်တခုကို နှစ်ကာလများစွာ ကျင့်သုံးရာက ရလာတဲ့ ဘိုးဘွားပိုင်အမွေလို့ပဲရိသဲ့သဲ့ဆိုရမယ်ထင်ပါတယ်။ အာဏာရှင်တွေကိုတိုင်လည်း အဲဒီအမွေဆိုင်နှစ်ခုကို သိမ်းဆည်းထား ပါတယ်။ယူလည်းယူ၊ ပေးလည်းပေးခဲ့သူပါ။ သံသယနဲ့ အကြောက်တရားတွေ မျိုးစေ့ချပေးတဲ့  အဲဒီစနစ်ဆိုးကနေ မယုံကြည်မှု၊ အထင်ကြီးမှု၊ အထင်သေးမှု၊အားကိုးရှာမှု၊ မနာလိုမှု၊ အသာစီးရလိုမှု၊ ရန်လိုမှု၊ လုံခြုံစိတ်ချလိုမှု၊ အမြီးကျက်အမြီးစား၊ခေါင်းကျက်ခေါင်းစား စိတ် တွေနဲ့တခြားအကြောင်းများစွာဖြစ်ပေါ်လာပါတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းတခုလုံးအစည်းပြေခဲ့ရတယ်။ အတိုက်အခံနဲ့ အစိုးရထဲသာမက မြန်မာတွေနဲ့ဖွဲ့စည်းထားတဲ့ လူမှုဆက်ဆံရေး နယ်ပယ်တိုင်းမှာ မညီမညွတ်မှု၊ မလိုမုန်းထားမှု၊ ကိုယ်ကျင့်တရား ယိုယွင်းမှုတွေမြင်ရကြားရပါတယ်။အုပ်ချုပ်ရေးနယ်ပယ်မှာလည်း အကြောက်တရားနဲ့သံသယတွေကြီးစိုးသလို အဲဒီ အကြောက်တရားနဲ့ သံသယကလည်းမိမိတို့သြဇာတည်မြဲရေးဗျူဟာလက်နက်တစ်ပါးဖြစ်နေပါတယ်။ ဒီလိုနည်းပရိယာယ်နဲ့ပဲ အုပ်ချုပ်လာပါတယ်။ဒီကနေ့အထိ ပွင့်လင်းမြင်သာတဲ့ အစိုးရတရပ်အသွင်မဆောင်ပဲ သံသယကြီးစိုးတဲ့ လူ့အဖွဲ့အစည်းထဲမှာအကြောက်တရားကို တံခွန်ထူထားပါတယ်။

လူ့အဖွဲ့အစည်းရဲ့ မဆုတ်ယုတ်ကြောင်းတရား(၇)ပါး

ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့ ဆရာကြီးပါရဂူရဲ့ (ဝေသာလီလို့ထင်ပါတယ်) ၀တ္တုထဲက အခန်းတခန်းကို ဒီကနေ့ထိစွဲစွဲမြဲမြဲမှတ်မိနေပါတယ်။ မာဂဓပြည်ကိုအုပ်စိုးတဲ့အဇာတသတ်ဟာ အများဆန္ဒ၊ ဃန အုပ်ချုပ်မှု စနစ်( ဒီမိုကရေစီ) နဲ့အုပ်ချုပ်လို့ငြိမ်းချမ်းပြီး ညီညွတ်တဲ့ ဝေသာလီပြည်ကို မိမိသြဇာထိပါးမှာစိုးရိမ်တယ်။ ဒါကြောင့် ဝေသာလီပြည်ကိုအနိုင်ရလိုတယ်။ ဒါပေမယ့် ဝေသာလီရဲ့ ညီညွတ်မှုကို (ဘုရားရှင်ကိုယ်တိုင်က ချီးကျူးနေတာမို့)မလွန်ဆန်နိုင်ဘူး။ ဒီတော့ သူ့ရဲ့ ပညာရှိအမတ် ၀ဿကာရ ကိုအကြံတောင်းတယ်။ ၀ဿကာရ အမတ်ကြီးကလည်းမကြံတတ်တော့ ဗုဒ္ဒဘုရားရှင်ဆီ သွားတယ်။ ပြီးတော့ ဝေသာလီပြည်သားတွေ ညီညွတ်ရတဲ့ အကြောင်း ကိုလျှောက်ထားမေးမြန်းတယ်။ ဗုဒ္ဒဘုရားရှင်က ၀ဿကာရဟာ သူ့ဆီ ကောင်းသောအကြံနဲ့လာတာမဟုတ်မှန်းရိပ်စားမိပေမယ့်တရားမှန်ကိုလျှောက်ထားတာမို့ အပရိဟာနိယတရား(၇)ပါးကိုဟောပြခဲ့တယ်။

 ခေတ်စကားနဲ့ အနှစ်ချုပ်ပြောရမယ်ဆို- ၁။ အမြဲမပြတ်စည်းဝေး တိုင်ပင်ခြင်း၊ ၂။ အလုပ်ကိုညီညီညာညာလုပ်ခြင်း၊ ၃။ မြင်သာခိုင်မာသည့် ဥပဒေရှိခြင်း၊ ၄။ ကြီးသူကိုရိုသေလေးစားခြင်း၊ ၅။ အမျိုးသမီးများကို မစော်ကားခြင်း၊ ၆။ ရိုးရာကိုးကွယ်ပသမှုကို မစော်ကားခြင်း၊ ၇။ ပညာရှင်၊ သူတော်ကောင်းများကိုဖိတ်ခေါ်ခြင်းနှင့် နိုင်ငံတွင်းရှိပညာရှိ သူတော်ကောင်းများကို ပျော်ရွှင်အောင်ထားခြင်း တို့ဖြစ်ပါတယ်။ ဒီတရားတွေနဲ့ပြည့်စုံလို့ဝေသာလီညီညွတ်လှပနေတယ်ပေါ့..။ 

ဝဿကာရအမတ်ကြီးလည်း ကျေနပ်စွာပြန်သွားတယ်။ သူက ကောက်ကျစ်တဲ့ အမတ်ပီပီ ဘုရားဟောကြားချက် ဖြစ်တဲ့
 ဗြောင်းပြန်လှန်ပြီး မဆုတ်ယုတ်ခြင်းတရားကနေ ဆုတ်ယုတ်မှုတရား အဖြစ်နည်းဗျူဟာထုတ်ပြီးဝေသာလီပြည်သူတွေ သွေးကွဲအောင်ကြံစည်ခဲ့တယ်။ 

မှတ်မိသလောက် ပထမဆုံးအချက်နဲ့ ဒုတိယအချက်ဖြစ်တဲ့ အမြဲမပြတ် တိုင်ပင်စည်းဝေးခြင်း( ဒိုင်ယာလော့ခ် ခေါ် တွေ့ဆုံဆွေးနွေး အဖြေရှာမှု)နဲ့ ၂ အချက်ဖြစ်တဲ့အလုပ်ကိုညီညီညာညာလုပ်ခြင်း ဆိုတဲ့အချက် ၂ချက်ကို အထမမြောက်အောင် အားထုတ်ပေးလိုက်တာပဲဖြစ်တယ်။ တနည်းပြောရရင် ၁။ ဒိုင်ယာလော့ခ်ကိုငြင်းပယ်စေပြီး၊၂။ အစုအစည်းတွေတကွဲတပြားဖြစ်အောင်လုပ်လိုက်တာပါ။
 
အိမ်ထဲမှာ မြွေဝင်သွားပြီ
 
ဝဿကာရအမတ်က မာဂဓသား တပ်စုတစ်စုကို ဝေသာလီကို လွှတ်လိုက်တယ်၊ 
တယောက်က အရူးပုံစံနဲ့  ညနေမိုးချုပ်တိုင်း ဝေသာလီမြို့လည်လမ်းမှာ
 “ အိမ်ထဲကိုမြွေဝင်နေတယ်၊ အိမ်ထဲကို မြွေဝင်နေတယ်” လို့ဟစ်တယ်။ ဝေသာလီသားတွေက အရူးတယောက်လို့မြင်ပြီး အစပိုင်းတော့ အမှတ်တမဲ့ပဲ။  တချိန်တည်းမှာပဲတခါမှာမဖြစ်ဘူးတဲ့ ရန်ပွဲတွေ၊ လုယက်မှုတွေကို တခြားမာဂဓသား သူလျှိုတပ်သားတွေက တနေရာစီမှာဖန်တီးတယ် ။
နောက်နေ့တွေမှာ သူရူးက စကားလုံးနည်းနည်း ပြောင်းအော်တယ်၊
 “ အိမ်ထဲကို မြွေဝင်သွားပြီ၊အိမ်ထဲကို မြွေဝင်သွားပြီ” 

လူတော်တော်များက တိုက်ဆိုင်မှုလို့မထင်တော့ဘူး။ အခုတလော လုယက်မှုတွေဖြစ်နေတာ၊အရက်ဆိုင်က ရန်ပွဲတွေ၊ လူသတ်မှု သတင်းတွေက အရင်တကြိမ်တခါမှမကြားဖူးတာတွေချည်းပဲ။ 
“ မြွေဝင်သွားပြီသတိထားကြ၊ မြွေဝင်သွားပြီ၊ သတိထားကြ။” 

သူရူးရဲ့အတိတ်စိမ်းတွေဟာဝေသာလီပြည်သူတွေအတွက်မကောင်းဆိုးဝါးအသံလိုဖြစ်လာတယ်။မကြာမီရက်ပိုင်းမှာ သူရူးအသံ မကြားရတော့သလို၊ လူလည်း ပျောက်ခြင်းမလှပျောက်သွားတယ်။ဝေသာလီပြည်သူတွေလည်း စိတ်ဝမ်းတွေကွဲကုန်တယ်၊ ခရီးသွားရလည်း မလုံခြုံတော့ဘူး၊တယောက်နဲ့ တယောက်လည်း မယုံတော့ဘူး။  လူသတ်မှုတွေခနခန၊ အုပ်စုလိုက် တိုက်ခိုက် သတ်ဖြတ်မှုတွေ မကြာမကြာ။ လူတချို့ဝေးရာကို ပြောင်းရွှေ့ကုန်တယ်။ အရင်က အစဉ်အလာရှိပြီး စည်းလုံး ခိုင်မာတဲ့ဝေသာလီလည်းပျက်တော့တာပဲ။

           ဒီကနေ့ မြန်မာ့နိုင်ငံရေးလောကမှာ  ရှုတ်ထွေးပွေလီပြီး ဥာဏ်နီဥာဏ်နက်တွေ လှို့ဝှက်နက်နဲမှုတွေနဲ့ပြည့်နှက်နေတဲ့မရိုးမသား လှုပ်ရှားမှုတွေ တွေ့နေရတယ်။ သံသယတွေ၊ အကြောက်တရားတွေနဲ့
 ဘေးထွက်ဆိုးကျိုး အမြောက်အများတောထနေတယ်။ တိုင်းချစ်ပြည်ချစ်စိတ်နဲ့ စိတ်ကောင်းစေတနာကောင်းထား လုပ်ချင်သူ၊ လုပ်လိုသူတွေအများအပြားရှိပေမယ့် အဟန့်အတားအနှောက်အယှက်
တွေကြုံနေရတယ်။ အိမ်နီးချင်း အာရှနိုင်ငံတွေကြုံတွေ့ကျော်လွှားနိုင်ခဲ့ပြီး
 ပြဿနာအမြောက်အမြားမြန်မာပြည်မှာကြွင်းကျန်ဆဲ၊ မဖြေရှင်းဘဲ ကျန်ရှိဆဲပါ။ အရာရာနောက်ကျနေတဲ့ နိုင်ငံမှာ စိတ်ဓာတ်ရေးရာ ယဉ်ကျေးမှုနောက်ကျခြင်းဟာ အနောက်ကျဆုံးနောက်ကျ ကျန်ခဲ့မှုသာဖြစ်ပါတယ်။

ကိုညို( အော်စလို)

ဒီနေ့ ၂၅ ဖေဖ၀ါရီလမှာ အသစ်ထွက်လာတဲ့ အတွဲ(၁) အမှတ်(၁) တူမောရိုး သတင်းဂျာနယ်ပါဆောင်းပါးလေးပါ..။အယုဒ္ဒ္ဒယ၊ ဘုံဘေနဲ့ ဂေါ်ဒရာ အဓိကရုဏ်းသင်ခန်းစာ
အချိန်-၁၉၉၂၊ ဒီဇင်ဘာလ ၆ရက် ညနေ။
နေရာ-အိန္ဒိယနိုင်ငံ၊ အူတာပရာဒါခ်ျပြည်နယ်၊ဖိုင်ဇာဘတ်မြို့နယ်၊ အယုဒ္ဒယမြို့ ။

No comments:

Post a Comment