နှစ်ပေါင်း ၁၆၅ နှစ် သက်တမ်းရှိ ကမ္ဘာကျော် သစ်သားတံတား တစ်ခုဖြစ်သော
ဦးပိန်တံတား တည်ရှိရာ မန္တလေးမြို့တော် တောင်သမံအင်းမှာ ရေမြင့်တက် သည့်
ကာလရောက်ရှိနေသဖြင့်
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မန္တလေးဌာနခွဲ)နှင့်
ဦးပိန်တံတား ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ရေး အကျိုးဆောင်အဖွဲ့တို့
ပူးပေါင်း၍ တစ်ပတ်လျှင် နှစ်ကြိမ် ကွင်းဆင်းကာ ထိန်းသိမ်းစောင့်ရှောက်ရေး
လုပ်ငန်းများကို နှစ်ဆတိုးမြှင့် လုပ်ဆောင်လျက် ရှိကြောင်း အဆိုပါဌာန
တာဝန်ရှိသူက The Voice သို့ ပြောကြားသည်။
“အဖွဲ့ဝင်တွေက အမြဲစောင့်ကြည့်နေတယ်။ ဦးပိန်တံတားနားက ဆရာတော်ကြီး တွေကလည်း အမြဲ စင်္ကြံကြွပြီး စောင့်ကြည့်နေကြတယ်။ တစ်ခုခု ပျက်စီးတာ ဖြစ်လာရင်၊ အရေးပေါ် အခြေအနေနဲ့ ကြုံလာရင် ချက်ချင်း ဆက်သွယ် အကြောင်းကြားလို့ ရအောင်ပါ” ဟု ၎င်းကဆိုသည်။
ယင်းဦးပိန်တံတား ထိန်းသိမ်းစောင့်ရှောက်ရေး အတွက် အလှူငွေ လာရောက် လှူဒါန်းမှုများ ရှိကာ ရရှိသည့် ငွေကြေးများအနက်မှ နှစ်သိန်းကျပ်ကို တိုင်းဒေ သကြီး အစိုးရထံသို့ လွှဲပြောင်းအပ်နှံပြီး ကျန်ငွေတစ်သိန်းကို လက်ရှိ ပြုပြင်နေ သည့် ကဏ္ဍများအလိုက် ခွဲဝေသုံးစွဲမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ရှင်းပြ သည်။
လက်ရှိ တောင်သမံအင်း၏ ရေမျက်နှာပြင်မှာ ဦးပိန်တံတားအောက် ခြောက်ပေ ခွဲခန့် အမြင့်ထိ ရေမြင့်တက် ဝင်ရောက်လျက်ရှိကြောင်း ဦးပိန်တံတား ပြုပြင်ထိန်းသိမ်း စောင့်ရှောက်ရေး အကျိုးဆောင်အဖွဲ့ ဥက္ကဋ္ဌက ဆိုသည်။
လက်ရှိ၌ ရှေးဟောင်းအမွေအနှစ် ဖြစ်သော တောင်သမံအင်းနှင့် ဦးပိန်တံတား တို့၏ ပြယုဂ်ကို ထိန်းသိမ်းခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်းများမှာ လက်ရှိတွင် အားနည်းနေကာ ယင်းတံတားအရှေ့ဘက်၌ အကောင်အထည် ဖော်နေသည့် မြေကွက်ကိစ္စများသာ စိတ်ဝင်စားမှု များနေကြဟန် ရှိကြောင်း သဘာဝ ပတ်ဝန်းကျင်ရေးရာများ ဆောင်ရွက်နေသည့် စိမ်းရောင်စို Activities မှ တာဝန်ရှိသူ ဦးမောင်မောင်ဦး က သုံးသပ်ပြောကြားသည်။
“ခုချိန် ရေက အရမ်းမတက်သေးဘူး။ ဝါဆိုဝါခေါင် လောက်မှပေါ့။ ၂၀၀၄ တုန်း က ရေကြီးခဲ့တာကြောင့် ရေလယ်ကောင် သစ်တုံးခုံပိုင်း မျောပါသွားခဲ့ဖူးတယ်။ ရေဒဏ်ကြောင့်တော့ သစ်သားတွေ အပျက်အစီးကတော့ ရှိမှာပဲ။ တစ်နှစ်ချင်း မဟုတ်တဲ့ နှစ်ရှည်စီမံကိန်းလိုမျိုး Master Plan နဲ့ ဆောင်ရွက်သင့်တဲ့ ကိစ္စပါ” ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။
ဦးပိန်တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁-ခုနှစ် (ခရစ်နှစ်- ၁၈၄၉) ၌ ပုဂံမင်း၏ ငယ်ကျွန်များ ဖြစ်ကြသည့် မြို့ဝန်ဘိုင်ဆပ်နှင့် မြို့စာရေး မောင်ပိန်တို့သည် မင်းနှင့် အကျွမ်းဝင်ကြသည့်အတွက် အင်းဝနန်းတော်ဟောင်း၊ အိမ်တော် ဟောင်းတို့မှ စွန့်ပစ်ရမည့် သစ်တို့ကို ဘုရင်၏ ခွင့်ပြုမိန့်ကို ရယူကာ စတင် ဆောက်လုပ်ခဲ့၍ မြန်မာသက္ကရာဇ် ၁၂၁၃-ခုတွင် ပြီးစီးခဲ့သည်။
တံတားအရှည်မှာ ၃၃၉-တာနှင့် ၂-တောင် (၃၉၆၇-ပေ) ရှိ၍ တိုင်ပေါင်း ၁၀၈၆-တိုင်နှင့် အခန်းပေါင်း ၄၈၂-ခန်း ရှိသည်။ လှိုင်းဒဏ်၊ လေဒဏ်တို့ကို ကြံ့ကြံ့ခံနိုင် စေရန် ရည်ရွယ်၍ ဖြောင့်တန်းစွာ မတည်ဆောက်ဘဲ တောင်ဘက်သို့ ဦးမော့၍ ကွေ့ဝိုက်ပြီး ကျင်တွယ်ချိုးပုံစံ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
The Voice Weekly

No comments:
Post a Comment